Saturday, October 31, 2009

RM 30 တန်သင်ခန်းစာတစ်ခု…

မနေ့ရလကုန်ရက် ဖုန်းကိုပိုက်ဆံဖြည့်ဖို့ ဖုန်းကဒ်သွားဝယ်တယ်..
ပြည်သစ်တည်သုံးတာ 012 လိုင်း
မလေးမှာ နာမည်ကြီးတဲ့ လိုင်းတွေရှိတယ်..
012 – 016 – 017 – 019 … စသည်ဖြင့်ပေါ့လေ..
012 ကို Hot Link
016 ကို DiGi
017 ကိုတော့ မသိဘူးဗျ.. :D
019 ကို X …လို့လူသိများတယ်ဗျ…
သူ့လိုင်နဲ့သူ ဖုန်းကဒ်တွေရှိတယ်..
ပြည်သစ်တည်က 012 ဆိုတော့ Hot Link ကိုဝယ်ရတာ..
မနေ့ရတော့ ဘာကြောင်နေတယ်မသိပါဘူး..
X ကြီးကို ၀ယ်မိတယ်..
ကုဒ်တွေကိုရိုက်ထဲက ငါ ရိုက်နေကျကုဒ်တွေမဟုတ်ပါဘူးလို့တော့ သတိထားမိသား..
(တုံးတာ အဲ့လို)
ပြီးတော့ ပိုက်ဆံက ၀င်မလာဘူး..
မင်း ကုဒ်တွေမှားနေတယ်လို့ပဲ ပြ ပြနေတယ်..
ဒါတောင်အကုန်မဖတ်တက်ဘူး..
ဘယ်ဖတ်တက်မလဲ မလေးစာတွေကိုး… :)
မှားမှာ ပေါ့ ပြည်သစ်တည်ရိုက်နေတဲ့ ကုဒ်တွေက 019 အတွက်..

နောက်ဆုံးတော့ RM 30 ဆုံးတာပေါ့..
019 သုံးတဲ့သူကလည်းအတော်ရှားတယ်…
ပြည်သစ်တည် အသိ designer တစ်ယောက်တော့သုံးတယ်..
အခုသူက အလုပ်ထွက်သွားပြီ..

HR ကတော့ပြောပါတယ်..
သူ့အသိတွေထဲ 019 သုံးတဲ့သူရှာပေးမယ်တဲ့…
ရှာလိုက်တာ အချိန်သာကုန်သွားတယ် မတွေ့ဘူး..
သူကပြောပါတယ်..
019 ကလိုင်းကောင်းတယ်တဲ့
ပြည်သစ်တည်ကလဲ လိုင်းသာကောင်းတယ်
မင်းတို့တစ်ယောက်မှမသုံးပါလားပေါ့..
သူက လိုင်းကောင်းတယ်..
ရိုးရိုးလိုင်းတွေထက်ဈေးကြီးလို့တဲ့..
ကောင်းရော…

နောက်ဆုံးတော့ ကိုယ်တိုင်ပဲ
019 လိုင်းကို ၀ယ်သုံးရမလိုဖြစ်နေပြီ…
019 က Gov လိုင်းလေ..
ကောင်းတယ် ဈေးကြီးတယ်…
၁၅ ကျပ်လောက်တော့ ရှိလိမ့်မယ်..
ရိုးရိုးလိုင်းတစ်လိုင်းသွားဝယ်ရင် ၁၀ အောက်ပဲပေးနေရတဲ့အချိန်မှာ
သူက ၁၅ ကျပ်အထက်ဆိုတော့ … အင်းဈေးကြီးတာပေါ့လေ..

ဒါပေမယ့် ၁၅ ကျပ်ကို နှမျောနေရင် ၃၀ တောင်ဆုံးမှာ.
နောက်ဆုံးတော့ ၁၅ ကျပ်ပဲအကုန်ခံလိုက်တော့မယ်… :(
ဒါပေမယ့် နောက်ဆုံးကောက်ရိုးတစ်မျှင်တော့ကျန်သေးတယ်..
အကိုဝမ်းကွဲက 016 သုံးတာ..
သူ့ကောင်မလေးက ဘာလိုင်းသုံးလဲမသိဘူး…

မရရင်တော့ ……….. :(

Friday, October 30, 2009

Design Blog မိတ်ဆက်...

design တွေချည်းပဲ တင်ထားတဲ့ blog တစ်ခုပါ...
ဒီနေ့မှစတင်ဖြစ်တာဖြစ်ပါတယ်....

အခက်ခဲဆုံးကတော့ အချိန်မရတာဖြစ်ပြီး
နောက်ထပ်ခက်ခဲခဲ့တာက တစ်စစီပြန့်ကျဲနေတဲ့
ဒီဇိုင်းအပိုင်းအစတွေကို ပြန်စုရတာပါပဲ...

250G portable နဲ့သိမ်းထားတာအခုဆို 150G လောက်ရှိနေပါပြီ..
တစ်ခုခြင်းစီပြန်ရှာရတာ သိပ်မလွယ်ပါဘူး...

တစ်ခုချင်းစီပြန်စုဖို့ကလည်း အချိန်ယူရပါလိမ့်မယ်..
အခုတော့ရသလောက်ကို တဖြည်းဖြည်းခြင်းတင်သွားပါမယ်...
အမှတ်တရတစ်ခုအနေနဲ့ပါ...

www.designermyo.blogspot.com/


Monday, October 26, 2009

ပြည်သစ်တည်နှင့်တနင်္ဂနွေ…

အားခဲ့တဲ့ တနင်္ဂနွေမှာ
ရောက်တက်ရာရာတွေ…
တွေးမိတွေးရာတွေ
ရေးမိရေးရာတွေပါ…….
…………………………………………………………….


လွန်ခဲ့တဲ့ သုံးနှစ်လောက်က စာအုပ်တစ်အုပ်ဖတ်မိတယ်..
စာအုပ်နာမည်ကိုမေ့သွားပြီ..
စာရေးသူက အတကျော်..
စာစုတွေကိုစုထားတဲ့စာအုပ်
အတွဲသုံးတွဲရှိတယ်..
အကုန်နီးပါးက ဘာသာပြန်စာစုတွေပါ..
ပထမတွဲရဲ့ ပထမဆုံး စာစု
ခေါင်းစဉ်ကိုသိပ် မမှတ်မိတော့ဘူး..
(မှတ်ဥာဏ်ထဲမှာ ပိုက်ဆံ ပိုရှာဖို့ကလွဲရင်
ကျန်တဲ့ အရာတွေ သိပ်မရှိတော့သလိုပဲ…
ပိုက်ဆံမရရင် သိပ်မတွေးချင်တာလည်း ပါမယ်ထင်ပါတယ်…)

စာစုတွေကိုတော့သိပ်အသေးစိတ်မမှတ်မိတော့ဘူး..
မှတ်မိသလောက်ကို ကိုယ့်ကိုကိုယ်ခေါင်းစဉ်တယ်ပြီး
ပြန်ရေးလိုက်ပါတယ်.. ဒုတိယမြောက် ဘာသာပြန်ပေါ့…

" သံချက်များ…. "

ဂျော်နီဟာ အလွန်စိတ်ဆက်တဲ့ကလေးတစ်ယောက်ပါ။
သူများကိုပြောစရာရှိရင် ဘာမှ မစဉ်းစားပဲပြောတက်ပါတယ်..
လုပ်စရာရှိရင်လည်း ဘာမှ စဉ်းစားမနေပါဘူး..
တစ်နေ့ ဂျော်နီ့ အဖေက ဂျော်နီ ကိုစကားတစ်ခွန်းပြောပါတယ်.
‘ မင်းဟာ တစ်နေ့တစ်နေ့ ဒေါသ အလျှောက်ဖြစ်စေ နာကျင်စေလိုတဲ့ဆနကြောင့်ဖြစ်စေ
စကားကို မဆင်အခြင်ပဲ ပြောတက်တယ်..
မင်း ဒေါသ ကိုထိန်းချုပ်ကြည့်ပါလား..
တစ်နေ့တစ်နေ့ မင်းဒေါသထွက်စရာ ကြုံလာရင် နောက်ဖေးခြံစည်းရိုးမှာ
သံတစ်ချောင်းသွားရိုက်ကြည့်ပါလား ‘

ဂျော်နီဟာ သူ့အဖေစကားအတိုင်း ဒေါသဖြစ်လာရင်
နောက်ဖေးခြံစည်းရိုးမှာ သံတစ်ချောင်း သွားသွားရိုက်ခဲ့တယ်..
ပထမ ရက်တွေမှာ သံရိုက်ချက်တွေဟာ များခဲ့ပေမယ့်
ရက်တွေကြာလာတာနဲ့အမျှ သံရိုက်ချက်တွေဟာ ကြဲသွားခဲ့ပါတယ်..

တစ်ရက်မှာ သံတစ်ချောင်းမှ မရိုက်ရတဲ့ရက်ကို ကြုံလာခဲ့ပါတယ်..
ဂျော်နီက သူ့အဖေကို
‘ အဖေ ဒီနေ့တော့ သားသံတစ်ချောင်းမှ မရိုက်ရဘူး ‘ လို့ သွားပြောတယ်.
ဂျော်နီ့အဖေက
‘ ဒါဆို သား ဒေါသလုံးဝ မထွက်တဲ့နေ့တွေမှာ ခြံစည်းရိုးတိုင်ပေါ်က
သံတစ်ချောင်းစီကို ပြန်နှုတ်လိုက်ပါ …’

ဒီလိုနဲ့ရက်တွေတော်တော်ကြာတဲ့အခါမှာ ခြံစည်းရိုးပေါ်က သံတွေတစ်ချောင်းမှ
မကျန်တော့အောင် ဂျော်နီ နှုတ်ပြီးသွားပြီ..
ဂျော်နီ့အဖေက သူ့သားကို
ခြံစည်းရိုးတိုင်နားကို ခေါ်သွားပါတယ်..
‘ သားမင်းရိုက်ခဲ့တဲ့သံချက်နေရာတွေဟာ
သားအနေနဲ့ သံတွေကို ပြန်နှုတ်လိုက်သည့်တိုင်အောင်
အကောင်းပကဓိကျန်ခဲ့ရဲ့လား.. ‘
‘ သံချက်ရိုက်လိုက်တဲ့ ဒဏ်ရာတွေတော့ကျန်ခဲ့မှာပဲလေ ‘
ဂျော်နီကဖြေတယ်..
‘ သားမင်းအနေနဲ့ ဒေါသဖြစ်လို့ပဲ ဖြစ်ဖြစ်
သူများကို နာကျင်စေလို့ပဲဖြစ်ဖြစ် သားပြောလိုက်တဲ့
စကားတွေဟာ သူများတွေရဲ့ရင်ထဲမှာ သံချက်တွေရိုက်လိုက်သလိုပဲ
သားအနေနဲ့ ဒီသံချက်တွေကို ပြန်နှုတ်ပေးမယ် ဆိုရင်တောင်
သူတို့တွေရဲ့ ရင်ထဲမှာ ဒဏ်ရာတွေတော့ ကျန်ခဲ့ဦးမှာပဲ…’
………………

ဒီနေရာမှာတင်အဆုံးသတ်ပါရစေ..

ပြည်သစ်တည်အနေနဲ့လည်း တစ်ချိန်က
သူများတွေအပေါ် ဆိုးခဲ့ပြောခဲ့တာတွေလည်းရှိမှာပါ..
ပြောခဲ့မိတာတွေအားလုံးအတွက် ဒီနေရာကနေ
အနူးအညွှန့်တောင်းပန်လိုက်ပါတယ်..
သံရိုက်ချက်တွေပြန်နှုတ်လိုက်ရင်တောင်
သံရိုက်ခဲ့တဲ့ အရာလေးတွေတော့ကျန်ခဲ့အုံးမှာပါ…
(ကျန်ခဲ့တဲ့အရာလေးတွေကို ပျောက်သွားအောင်
ရွှေပေါ်ထိုးပေးမယ်လေ :P )
ပြည်သစ်တည်အပေါ်ရိုက်ခဲ့တဲ့ သံချက်တွေကတော့
များလှပါတယ်… များလှတဲ့ရိုက်ချက်တွေထဲက
သံရိုက်ချက်တစ်ချက်ကိုတော့ ဒီနေ့အထိ မမေ့သေးပါဘူး..
သူလည်းပြန်မနှုတ်သလို
ကိုယ်တိုင်လည်းပြန်နှုတ်ဖို့မကြိုးစားပါဘူး..
အနာက မကျက်သွားသလို
ကျက်ဖို့လည်း ဆေးမထည့်ပါဘူး..
တစ်နေ့နေ့ တစ်ချိန်ချိန် ကျရင် ………..
(မည်သူရိုက်သွားသည်ကိုတော့ မပြောပါရစေနဲ့..
သေချာတာကတော့ အခုစာဖတ်နေသူ သင် မဟုတ်ပါဘူး ဆိုတာကလွဲရင်
ပိုပြီး ပြောမပြနိုင်တာ ခွင့်လွတ်ပါ..)
…………………

အသက်တွေကြီးလာပြီ
အရင်လောက် ဒေါသမကြီးတော့သလို
အတ်တလည်းမရှိတော့ပါဘူး..
တစ်ခါတစ်လေ ပိုက်ဆံရှာရတာ သိပ်အရသာမရှိတော့ပါဘူး
ဘာကြောင့်ရှာနေမှန်းလဲ မေ့မေ့သွားပါတယ်..
အကိုဝမ်းခွဲကပြောပါတယ်..
ငါတို့တွေပိုက်ဆံတွေဒီလောက်တောင်ရှာနေတာ
ဘာတွေသုံးဖို့လဲတဲ့..
သူပြောတာတော့ဟုတ်မှာပေါ့..
သူနဲ့သူ့ကောင်မလေးနဲ့ တစ်လတစ်လ၀င်ငွေက နဲတာမှမဟုတ်တာ..
(ပြည်သစ်တည်ရတဲ့ လစာဟာ သူရတဲ့လစာရဲ့ အစွန်းထွက်တောင်မရှိပါဘူး…)


လူဆိုတာ ငါဆိုတဲ့အတ်တကိုယ်စီရှိပါတယ်..
ပြည်သစ်တည်စီမှာ ရှိသလို လူတိုင်းမှာရှိပါတယ်..
ငါဆိုတာသာမရှိရင် ဘယ်လိုအသက်ဆက်ရှင်နိုင်မလဲ
ဒါပေမယ့် ရှိသင့်သလောက်သာရှိတာအကောင်းဆုံးပါ..
လွန်ကဲတဲ့အရာတွေဆို ဘယ်အရာမှ အကောင်းပါဘူး..
ငါ့အိမ် ငါ့ကား ငါ့အခန်း ငါ့မိသားစု ငါ့ရေခဲသေတာ
ငါ့ဖုန်း ငါ့အကျီင်္ ငါ့ဘောင်းဘီ ငါ့ပိုက်ဆံ ငါ ငါ ငါ ငါ ငါ
ငါတွေထပ်လာရင်မကောင်းတော့ပါဘူး…
လုပ်နိုင် ကိုင်နိုင် ရှာနိုင်တုန်း ငါ ထင်တာ ပြသနာ မရှိပေမယ့်
မလုပ်နိုင် မကိုင်နိုင် မရှာနိုင်တဲ့အခါကျရင်
ငါဆိုတဲ့ အတ်တတွေဟာ
ကိုယ်တိုင်ပြန်ရိုက်တဲ့ သံချက်တွေဖြစ်လာပါလိမ့်မယ်…

ပြည်သစ်တည် ကြားဖူးတာတစ်ခုရှိတယ်…
‘ ဘ၀ကို နောက်လှည့်ကြည့်ရင် ကျေနပ်ရမယ်တဲ့ ‘
အသေအချာတော့မဟုတ်ပါဘူး..
မှတ်မိသလောက်ပါ..
ဘ၀မှာ သူများက ရိုက်တဲ့ သံချက်
ကိုယ်က ရိုက်လိုက်တဲ့ သံချက်
ကိုယ့် ကို ကိုယ် ပြန်ရိုက်တဲ့ သံချက်
သံချက်တွေများနေတဲ့ ဘ၀ဟာ ဘယ်လိုများ ကျေနပ်မှုပေးနိုင်မှာလဲ
မကျေနပ်စွာနဲ့ပဲ ကိုယ့်ကိုကိုယ် သံတစ်ချက်ပြန်ရိုက်မိပါလိမ့်မယ်…

(သင်နှင့်ကျုပ်သည်
မွေးဖွားသည့်နေရာမတူသလို
ကြီးပြင်းလာသည့်နေရာလည်း မတူနိုင်ပေ
ကြုံတွေ့ခဲ့ရသည့် အရာများမတူသလို
လက်ခံလိုက်ရသည့်အရာများလည်း
တူနိုင်မည်မဟုတ်ပေ
ထိုကြောင့်…
ကျုပ်န်ုပ်တို့သည် အခုဖော်ပြပါစာစုကို
လွတ်လပ်စွာသလောထားကွဲလွဲနိုင်သည်…)

(မဟုတ်က ဟုတ်က တွေရေးထားလို့လားမသိဘူး
ဒီပိုစ်ကို 4 ခါလောက် ပြန်တင်လိုက်ရတယ်..... :D)


Thursday, October 22, 2009

Tuesday, October 20, 2009

လောလောဆယ်နားထောင်နေတာ....

တစ်ခုခု...

တစ်ခုခုကိုပြောပြချင်နေပေမယ့်
ပြောစရာလူမရှိသလို
နားထောင်ပေးမယ့်သူလဲမရှိဘူး...

တစ်နေ့တစ်နေ့ အလုပ်အလုပ်
အလုပ်ပြီးအလုပ်
အလုပ်ပြီးတော့အလုပ်
ငါ့ကိုယ်ငါတောင်ပျောက်ဆုံးနေတက်ပြီ...

အိမ်ပြန်ချိန်တွေဟာ တစ်ရက်တော့
ရောက်လာမှာပါ..
အခုတော့ဘာကြောင့်အိမ်ပြန်ချင်လဲဆိုတာ
မသိတော့ဘူး...

အမေက ပျော်အောင်နေပါတဲ့..
ဒါပေမယ့်
ပျော်အောင်ကို ဒီနေ့အထိရှာမတွေ့သေးတာ
အမေ မသိသေးဘူး..

'ချုပ်တီးရင် ချီးထုပ်ဖြစ်တယ်' လို့
သူငယ်ချင်း ဒီဇိုင်နာတစ်ယောက်ကပြောတယ်....
လေယူရာတိမ်း ယိမ်းနွဲ့တက်ရင်တော့
ပျော်စရာပေါ့...

တစ်ကနေပြန်စလို့မရတဲ့အထဲမှာ
ဘ၀ ကပါနေလား....
ရေစုန်လိုက်မလား..
ရေဆန်မလား..
မိုးပေါ်တက်မလား...
ယိမ်းနွဲ့လိုက်မလား...
တောင့်ခံမလား..
ချုပ်တီးမလား..
ပျော်အောင်နေမလား...
မေးခွန်းတွေဖြေဖို့အတွက်
လောလောဆယ် အလုပ်လုပ်လိုက်အုံးမယ်.....

Monday, October 19, 2009

ငါးမူးတန်လူ……

လွန်ခဲ့တဲ့၉လလောက်တုန်းက ဒီစာစုတိုကိုဖတ်ဖြစ်ခဲ့ပါတယ်..
ဖတ်ပြီးပြီးချင်းတော်တော်လေးရင်ထဲမှာကျန်ခဲ့တယ်..
အားလုံးခံစားနိုင်အောင်လို့ မရှိတဲ့အချိန်တွေကိုစုပြီး
တစ်နေ့ကိုနည်းနည်းချင်းစီ ကူးကာ...
ပြည်သစ်တည်ရဲ့ blog မှာပြန်တင်လိုက်ပါတယ်..

အမေကိုချစ်တဲ့သားတွေနဲ့
သားတွေကိုချစ်တဲ့ အမေတွေ အားလုံးကို ရည်ရွယ်ပါတယ်…
……………………………………………………………………………………ပြည်သစ်တည်



ငါးမူးတန်လူ
မင်းတင်ထွဏ်း

၂၀၀၈ ဒီဇင်ဘာလ ရွှေအမြူတေ


‘ လှမောင် အလကားကောင် ‘ ဆိုရင်
လှမောင်မခံချင်ဘူး…
‘ ဟေ့ လှမောင်အလကားကောင် မဟုတ်ဘူးကွ
ငါ့မှာ အိမ်ရှိတယ် ၀င်းရှိတယ်..
အမေရှိတယ် ‘ လို့ပြန်ပြောလေ့ရှိတယ်..
သူ့အမေ ဒေါ်ထိန်ကလည်း သူ့သား လှမောင်ကို
အလကားကောင်၊ အရက်သမားလို့ပြောရင် မကြိုက်ဘူး..
‘ ဟေ့ လှမောင်က နေတက်ရေတက် စနေနေ့မှာ မွေးတဲ့ကောင်ဟဲ့..
အချင်းစလွယ်သိုင်းနဲ့ သိုက်ဖွားဟဲ့၊ ပညာတက် လူချော
အရက်သောက်တာကလွဲပြီး ဖဲမရိုက်ဘူး၊
ကြက်မတိုက်ဘူး.. မိန်းမ မလိုက်စားဘူး..
သူများလိုတစ်ကျပ်မတန်ရင်တောင် ငါးမူးတော့ တန်တယ်ဟဲ့ ‘
လို့ ရန်တွေ့တက်တယ်..

ဒေါ်ထိန်က မုဆိုးမ။ ယေကျာင်္းဆုံးတော့
ကလေး ၃ယောက်ကအရွယ် မရောက်သေးဘူး..
အကြီးဆုံးကောင်က လှဆောင်.. အလတ်က လှမောင်
အငယ်ဆုံးသမီးက လှသီ..
ယေကျာင်္း နှစ်ယောက်၊ မိန်းကလေးတစ်ယောက်
နောက်အိမ်ထောင်မပြုပဲ
ကလေးတွေကို ဈေးရောင်းကျွေးလာတယ်..
အရွယ်ရောက်တော့ ကိုလှဆောင်က လက်သမားလုပ်တယ်..
ပန်းရောင်းတဲ့ကောင်မလေးနဲ့အိမ်ထောင်ကျတယ်..
အစကတော့ ကောင်မလေးအိမ်လိုက်နေသေးတယ်…
၁ လမကြာဘူး. အမေ့အိမ်ရောက်လာကြတယ်..
ကောင်မလေးမိဘတွေက သားသမီးများတဲ့အပြင် ငှားနေတဲ့အိမ်ကလည်း
ခန်းယောင် ၁ ခန်းကျယ်အိမ်ကလေးကိုး…
အငယ်မ လှသီကလည်းပန်းရံလိုက်ရင်း … ပန်းရံဆရာနဲ့ညားတာပါပဲ..
ကောင်လေးက ဒေါ်ထိန်အိမ်ပဲလိုက်နေတယ်…
အိမ်ကမကျယ်ပေမယ့် ၀န်းက အလျား ၆၀ ပေ၊ အနံ ၄၀ ပေ ရှိတယ်..
ဒီတော့ အဖီချနေကြတာပေါ့….

လှမောင်က လူပျို. ဆယ်တန်းအောင်တော့ တကသိုလ်ဆက်ထားတယ်..
လှမောင်က ငယ်ငယ်ကတည်းက စာလည်းကြိုးစားတယ်..
အေးလည်းအေးတယ်.. အိမ်ထဲက အိမ်ပြင် သိပ်ထွက်တာမဟုတ်ဘူး..
အပေါင်းအသင်းလည်းတစ်ယောက်စ နှစ်ယောက်စသာပေါင်းတာ..
ဘယ်ဗေဒင်မေးမေး နတ်ကတော်ဟောဟော ဇမူတလူမှာ အာဂယေကျာင်္းဖြစ်မယ့်သူ …
လို့ဟောကြတော့ ဒေါ်ထိန်စိတ်ထဲမှာ လှမောင်ကြီးလာရင် အရာရှိကြီပဲဖြစ်မလား..
သူဌေးကြီးပဲဖြစ်မလား… တစ်ခုခုတော့ဖြစ်မှာပဲလို့ယုံနေတာပေါ့…
ဒီတော့ ဆင်းရဲတာအပထား.. လှမောင်ကိုနေ့တကသိုလ်မှာ ထားတယ်..
လှမောင်ကလည်း ကျောင်းမှန်မှန်တက် စာကြိုးစားပါတယ်.
အဲ နောက်ဆုံးနှစ်ရောက်တော့ လှမောင်တစ်ယောက်ရည်းစားပစ်သွားလို့ဆိုပြီး
အသည်းစကွဲတော့တာပဲ…
နီးစပ်ရာထန်းတောမှာ ထန်းရည်နဲ့ကုရင်း စာမေးပွဲကျတော့တာပဲ..
တကသိုလ်ကိုအပြင်ကဖြေတုန်း ရည်းစားက ပြစ်သွားယုံတင်မကဘူး..
လင်ယူသွားပြီး တစ်ခါတည်းကစတုံးလုပ်လိုက်တော့ ကွဲနေတဲ့အသည်း ဖြန်းကနဲ
ကြေမွသွားတော့တာပေါ့.. ဘယ်အရက်နဲ့စိမ်စိမ် ပြန်မကောင်းတော့ပါဘူး. ခုထိဆိုပါတော့..

လှမောင်က အရက်မမူးရင်သာအေးတာ.. အရက်မူးလာရင်သိပ်ကျီကျတဲ့ကောင်..
သူများတွေအပေါ်တော့မဟုတ်ပါဘူး.. သူ့အမေအပေါ်မှာပါ.. ဒေါ်ထိန်က လည်း လှမောင်
ဘယ်လောက်ကျီကျကျ..
‘ အေးပါ အေးပါ .. မင်းပြောတာမှန်ပါတယ်..’
‘ အမေသိပါတယ်.. ‘ နဲ့ လှမောင်ကိုချော့နေကျပါ.. သိပ်နေကျ.
တစ်ခါတော့ လှမောင် ထမင်းစားရင်..
‘ တစ်ခါလာလည်း ပဲပြုတ် .. တစ်ခါလာလည်း ကြက်ဥကြော်.. သွားကွာ
အစားချင်ဘူး ‘ ဆိုပြီး ပန်းကန်လွင့်ပစ်လိုက်ရော …
ဒေါ်ထိန်ကတော့ ပျာပျာသလဲနဲ့ …
‘ သားလေး ဘာစားချင်လဲ ဆိတ်သားလား.. ကြက်သားလား ..ကဲပါ အမေ နှစ်ခုလုံး
ဝယ်ခဲ့ပါမယ့် ‘ ဆိုပြီး ဟင်းရောင်းတဲ့လမ်းဖက်ဆီ အပြေးတစ်ပိုင်းနဲ့ ထွက်သွားတာပေါ..
အမေမရှိတော့ လှဆောင်က ‘ ဟေ့ကောင် လှမောင် အမေစိတ်ဆင်းရဲမှာစိုးလို့
ငါမပြောပဲနေတာ ကမ်းမတက်နဲ့ ‘ လို့ ငေါက်လိုက်တယ်..
‘ ကျုပ်က ဘာကမ်းတက်လို့လဲဗျ ‘
‘ အောင်မာ မင်းက ငါ့ကိုပြန်ပြောတယ်ပေါ့.. ‘
နဂိုကမှ စိတ်ချဉ်ချဉ်ရှိနေတာမို့ ကိုလှဆောင်ဟာ လှမောင်ကို ထကန်တယ်..
အမူးသမားဆိုတော့ ထိုင်နေရာကနေခွေခွေလေးလဲသွားတာပေါ့…
‘ မှတ်ထား နောက်တစ်ခါ အမေ့ကို ဂျီကျရင် အသေပဲ..’
လှသီကလည်း လှမောင်ကို အမြင်ကတ်နေတာမို့ ၀င်မဆွဲဘူး.. ပြောလည်းမပြောဘူး
ကိုလှဆောင်မိန်းမကတော့ ‘ ကိုလှဆောင်ရယ်တော်ပါတော့ ‘ ဆိုပြီး ၀င်ဆွဲတယ်..
မယားဆွဲလို့ ဒေါသပိုကြွသွားသလားမသိဘူး..လဲနေတဲ့ လှမောင်ကို ထပ်ကန်ဖို့
ခြေထောက်နဲ့ရွယ်လိုက်တယ်…
‘ ဟဲ့ ဟဲ့ ဘာလုပ်တာတုံး .. ‘
ဒေါ်ထိန်အိမ်ထဲအပြေး ၀င်လာတယ်…
လှသီကအမေမြန်လှချည်းလားလို့တွေးလိုက်တယ်..
ဒေါ်ထိန်က ပိုက်ဆံ မေ့လို့ ပြန်လာယူတာ.. ဒေါ်ထိန်ကလှမောင်ကိုပြေးပွေ့တယ်.
‘ ဟီး ဟီး ‘ လှမောင် က ကလေးတစ်ယောက် လိုအမေ့ရင်ခွင်အပ်ငိုတယ်..
‘ တိတ်တိတ် ငါ့သားကို ဘယ်သူမှမနိုင်ရဘူး အမေရှိတယ်.. ‘
ဒေါ်ထိန်က ကလေးတစ်ယောက်လို ခေါင်းကလေး ပွတ်ပြီး ချော့တယ်..
လှမောင်တို့ သားအမိအဖြစ်ကိုကြည့်ပြီး ကိုလှဆောင်က သက်ပြင်းချ.. လှသီက မျက်စောင်းခဲပေါ့…
ဒေါ်ထိန်က လှဆောင်ကိုမော့ကြည့်ပြီး .. ‘ ဟဲ့ လှဆောင် ငါတောင်မသေသေးဘူး..
ကိုယ့်ညီကို ဒီလောက်နိုင်ချင်ပြီလား.. သတ်ချင်နေပြီလား.. ကိုယ့်ညီစိတ်မချမ်းသာ
ဖြစ်နေလို့ သူ့ဟာသူ သက်သာသလိုနေတာကို ချော့မယ်မကြံဘူး..ပတ်ဝန်းကျင်
ဝမ်းသာအောင် နင်က လုပ်ပြီပေါ့ ဟုတ်လား.. ငလှဆောင် နင်တို့နဲ့ ငါတို့သားအမိနဲ့
တစ်အိမ်တည်း နေလို့မဖြစ်ဘူး… ‘ ဆိုပြီး ၀င်း ကိုသုံးပိုင်းပိုင်း အလယ်ရှိတဲ့အပိုင်း
ကို လှမောင် .. အရှေ့ပိုင်း ကို ကိုလှဆောင် … အနောက်ပိုင်းကို လှသီဆိုပြီး ..
ရပ်ကွက် ရုံးမှာ အမွေစာချုပ် အဖြစ်ခွဲပေးတယ်..

နောက်ပြီး လူကြီးတွေရှေ့မှာတင်ဒေါ်ထိန်က လှဆောင်နဲ့ လှသီကို
‘ နင်တို့နှစ်ယောက် ငါ့တို့သားအမိကြားကို ဘယ်တော့မှဝင်မပါနဲ့ နောက်တစ်ခါဆို
သေခန်းပြတ်ပဲ..’
လို့ကြိမ်းပြော ပြောလိုက်တယ်…
ဒီကတည်းက ကိုလှဆောင် က လှမောင်မူးလာပြီး သူ့အမေကို ဂျီကျရင် တစ်အိမ်
အိမ်ဘက် ထွက်သွားပြီး …
‘ အလကားကောင်.. အမေ့လုပ်စာထိုင်စားပြီး အမေ့ကိုဂျီကျနေတဲ့ကောင် ‘
လို့တစ်ဖြစ်တောက်တောက် ပြောရှာတယ်..
လှသီကလည်း နားမခံသာတဲ့နေ့ဆိုရင် တစ်ခြားရှောင်ထွက်သွားပြီး..
‘ ကိုလှမောင်က အမေရှိနေလို့သာ မရှိရင် အလုပ်မရှိအကိုင်မရှိနဲ့ ငတ်သေမှာ ‘
လို့ရင့်ရင့်သီးသီးပြောတက်တယ်…
အမေကို ဂျီကျနေတာကိုး…

သူတို့လိုပဲ ရပ်ကွက်ထဲကလည်း အလုပ်မရှိပဲမူးနေတဲ့လှမောင်ကို
‘ အလကားကောင် အမေရှိနေလို့သာ အသက်ရှင်နေတာ
အမေသာမရှိရင် ငတ်သေမယ့်ကောင်
တောင်းစားမယ့်ကောင် .. ခိုးစားမယ့်ကောင်လို့ ‘ အတင်းပြောကြတယ်.
အထင်သေးစရာကိုး….

ရုတ်တရက် ဒေါ်ထိန်ဆုံးသွားတယ်…
လှသီမှာ ငိုလိုက်တာ တစ်ခါတစ်လေ တက်တောင်သွားသေး
‘ အမေရဲ့ ကျွန်မတို့ကို ပစ်သွားပြီလား.. ကျွန်မတို့ဘယ်သူနဲ့ နေရမှာလဲ..’
ဘာညာပေါ့… လူစည်လေ ပိုငိုလေပေါ့..
ကိုလှဆောင်ကလည်း ဧည့်ခံသာစကားပြောနေရတယ်.. အသံက တိုးလျလျ..
မျက်လုံးအိမ်မှာ မျက်ရည်စတွေပြည့်လို့..
လှမောင်ကတော့ အရက်တွေမူးအောင်သောက် ပြီး အလောင်းဘေးမှာ ငူငူကြီးထိုင်နေတာပဲ
လှသီငိုရင် ‘ တော် နားငြီးတယ် ‘ လို့အာလေးသံကြီးနဲ့လှမ်းငေါက်တယ်..
‘ အမလေး အမေရဲ့ အမေ့အချစ်ဆုံးသားက အမေသေလို့ငိုတာတောင် အငိုရဘူးတဲ့တော့ ‘
ဆိုပြီးပိုငိုတာပေါ့..
‘ ဟေ့ကောင် ငမူး အလကားကောင် အသာနေ.. ငါထလုပ်မိလိမ့်မယ်.. ‘
ကိုလှဆောင်က လှမ်းကြိမ်းရတယ်..
ငို ငို ဆိုပြီး လှမောင်ကအရက်ဆိုင်ဆီထထွက်ခဲ့တယ်..

အမေဆုံးပြီးတော့လည်း လှမောင် ကအရက်သောက်တုန်း.. မူးတုန်း…
တစ်ယောက်တည်း အမေ့ကို ဂျီကျသလိုကျတုန်း..
မနက်အစောကြီးကတည်းကပျောက်သွားတယ်..
နေ၀င်ချိန်မှ အရက်ဆိုင်ရောက် လာတယ်.. အရက်သောက်တယ်..
နောက်ထမင်းနဲ့ ဟင်းကိုကျွတ်ကျွတ်အိတ်နဲ့ ၀ယ်လာပြီး အိမ်ပြန်လာတယ်..
ထမင်းစားတယ်..နောက်အမေ့ကို ဂျီကျသလိုကျပြီး အိပ်ပျော်သွားတယ်..
ဒီတော့အရက်သမားတစ်ယောက် အလုပ်မရှိပဲ နေ့တိုင်းအရက်သောက်နိုင်တယ်..
ထမင်းစားနိုင်တယ်ဆိုတော့ မဟုတ်မှလွဲရော အကြံအဖန်ရှိပြီ..
မြို့ထဲသွားခိုးတာလား.. လစ်တာလား…ခါးပိုက်နှိုက်တာလားပေါ့….

ကိုလှဆောင်နဲ့မလှသီကတော့ သွေးရင်းဆိုတော့
‘ အိမ်နဲ့ဝင်းများပေါင်ပြီး သောက်စားနေတာလား.. ‘ လို့တွေးကြတာပေါ့..
ကိုလှဆောင်က အမေ့သေတာကိုဖွင့်ကြည့် တော့လည်း စာချုပ်ခေါင်လေးက ရှိတယ်..
သူသိမ်းထားလိုက်တယ်…
‘ ဟေ့ကောင် .. မင်းမဟုတ်တာတွေ မလုပ်နဲ့နော်.. ငါတို့နာမည်ပျက်အောင် လုပ်ရင်
သေသွားမယ်.. ‘
ကိုလှဆောင်က မူးနေတဲ့ လှမောင်ကိုနားပန်သုံးလေးချက်တီးပြီး ပြောတယ်..
‘ ဒီမှာ အစ်ကို .. ငါက မင်းလိုတစ်ကျပ်မတန်ပေမယ့်.. အမေပြောသလိုငါးမူးတော့
တန်ပါတယ်ကွ ’ လို့ပြောပြီး ယိုင်ထိုးယိုင်ထိုးနဲ့ရှောင်ထွက်သွားတယ်..

ရပ်ကွက်ထဲမှာတော့ ပစည်းပျောက်ရင် လှမောင် ကိုထင်ချင်ကြတယ်..
အခိုးခံရရင် ထမီစုတ်ဖြစ်ပါစေ .. ‘ မဟုတ်မှလွဲရော ဒါ လှမောင် လက်ချက်ပဲ ‘ လို့
ပြောလာကြပြီ..
တစ်ရက်တော့ အလုပ်ပျက်ခံပြီး .. ကိုလှဆောင်တစ်ယောက် လှမောင်နောက်
ခြေရာခံလိုက်တယ်..
လှမောင်ကတော့ ခါတိုင်းလိုပဲ အိပ်ရာထ.. မျက်နှာသစ်ပြီး ပုဆိုးတစ်ထည်ကို ပခုံးပေါ်တင်ပြီး
ခေါင်းငိုက်စိုက်နဲ့ထွက်ခဲ့တယ်… ခါးမှာလည်း ဓါးမတိုလေးထိုးလို့..
ဝင်းကျယ်တွေဘက်လျှောက်သွားတယ်.. မြေစာမြက်ကလေးတွေကိုလိုက်ရှာပြီး.နုတ်တယ်..
နောက်သီးပင်ပေါ်တက်တယ်.. သီညွန့်တွေခူးတယ်.. ကိုလှဆောင်က ခပ်လှမ်းလှမ်းက
နားမလည်စွာကြည့်နေတယ်…
ခြံတွေနားမှာ ပေါက်နေတဲ့ ၀ါးပင်က အညွန့်တွေခူးတယ်.. ဒန်းပင်က အညွန့်တွေ
ခူးတယ်… ရသမျှပစည်းတွေကို ပုဆိုးနဲ့ထုပ်တယ်.. ရေနီမြောင်းထဲယူလာပြီူး စင်ကြယ်အောင်
ရေအထပ်ထပ်ဆေးတယ်….
နောက်ပုဆိုးနဲ့ ထုပ်ပြီး ထမ်းထွက်ခဲ့တယ်.. ဘာလုပ်ဖို့လဲပေါ့…
ဘယ်သွားမှာလဲပေါ့… ကိုလှဆောင်စိတ်ထဲက သိချင်နေပြီ…
ဒါကြောင့် အနောက်က အသာလိုက်ခဲ့တယ်…
သွားရင်း သွားရင်းနဲ့ အောင်တော်မူဘုရားရောက်သွားတယ်..
ပန်းရောင်းတဲ့ဆိုင်ထဲဝင်သွားတယ်..ပန်းဆိုင်ဆိုပေမယ့် ယတြာချေတဲ့ ပစည်းတွေလည်း
ရောင်းတာကိုး.. ဒီတော့မှ ကိုလှဆောင်သဘောပေါက်သွားတယ်..
ဆိုင်ရှင်က ပစည်းတွေယူပြီး ငွေထုတ်ပေးတယ်…

ဒီလိုဆိုတော့လည်း ငါ့ညီက ဘယ်ဆိုးလို့လဲ လို့တွေးလိုက်မိတယ်..
လှမောင်ဘုရားထဲဝင်သွားတယ်.. ကိုလှဆောင်အနောက် ကလိုက်သွားတယ်..
အလှူခံပုံးထဲငွေ ၅၀ ထည့်တာ မြင်လိုက်တယ်..
နောက်ဘုရားရှေ့သွားပြီး ဦးသုံးကြိမ်ချရှိခိုးတယ်.. လူကရှင်းနေတယ်..
‘ ကျုပ်ပြုသမျှကုသိုလ်အမေ့အတွက်ပါ.. အမေရေ အမျှ အမျှ အမျှ သာဓု သာဓု သာဓု ‘
ဆိုပြီး အော်ဆိုတယ်… နောက်ဘုရားထဲက အမေအို ၃ ယောက်ကိုလည်း ၅ ကျပ်
၁၀ လှူခဲ့သေးတယ်..
ကိုလှဆောင် စိတ်ထဲ ၀မ်းနည်းသွားတယ်.. အမေ့အတွက် ရည်စူးပြီး အလှူဖူးသေးဘူး..
လှသီရော … လှမောင်ကတော့ စိတ်လက်ပေါ့ပါးစွာနဲ့ ၂၆ လမ်းဘက်ထွက်ခဲ့တယ်..
လမ်းမှာတွေ့တဲ့အရက်ဆိုင်မှာ အရက်ဝင်သောက်တယ်..
ပြန်ထွက်လာတယ်.. ကျုံးထောင့်ဘက်ဆီ ဦးတည်သွားတယ်…
လှမောင်ဘာလုပ်မှာလဲ.. ကိုလှဆောင်မတွေးတက်… မြို့ထဲသွားမှာလား..
မဟုတ်ဘူး.. ကျုံးထောင့်မှာ ရပ်နေပြီး မကြာပါဘူး..ကြာနီကန်သွားမယ့် နာရေးကားတွေ
ကျုံးထောင့်ကို ဖြတ်လာကြပြီ…

ဒီတော့ လှမောင်က နာရေးလိုက်ပို့တဲ့ ကားတစ်စီးပေါ်ပြေးတက်သွားတယ်…
ကိုလှဆောင်ပါးစပ်အဟောင်းသားဖြစ်ကျန်ခဲ့တယ်..
လှမောင်က အမေ့ကိုသင်္ဂြိဟ်ခဲ့တဲ့ ကြာနီကန်ဆီ နေ့တိုင်းသွားတာ..
သူလှူခဲ့တဲ့ အမျှ အမေ့ကို အမျှသွားဝေတာနေမှာ ..
ညနေစောင်းမှ ပြန်လာတော့မှာ…

ကိုလှဆောင်ခမျာ ငူငူကြီး ရပ်နေပြီး ‘ အမေရေ လှမောင်က ငါးမူးတန်လား..
ကျွန်တော်နဲ့ လှသီက ငါးမူးတန်လား ရှင်းရှင်းလင်းလင်း ပြောခဲ့ပါဗျာ… ‘ လို့
တမ်းတမ်းတတ ပြောရှာတယ်…. ။ ။

Monday, October 12, 2009

ကျွန်တော်ပြောချင်တဲ့ကျွန်တော့်အကြောင်း…....

ဒေါက်တာသန်းထွန်းရဲ့စကားကိုခပ်တည်တည်နဲ့ယူသုံးလိုက်တာပါ..
တကယ်တော့သူများအကြောင်းကိုပြောမယ့်အစား
ကိုယ့်အကြောင်းကိုယ်ပြောတာဟာ
အကောင်းဆုံးမဟုတ်လား…

မနေ့ရရုံးပိတ်ရက်
ခပ်ပျင်းပျင်းရှိတာနဲ့ ကိုယ့်အကြောင်းကိုယ်ပြန်စဉ်းစားကြည့်မိတယ်..
လောလောဆယ်ဒီနေ့အထိ ပြည်သစ်တည် ဘ၀ကို နှစ်ပိုင်းသွားတွေ့တယ်..

တစ်ပိုင်းက လူငယ်ဘဝ
သူငယ်ချင်းတွေအများကြီးနဲ့
အလကာားနေ စကားများနေတက်သူ ….
အချိန်ပိုတွေအများကြီး ရှိပေမယ့်
ဘာကိုမှ ဟုတ်တိပတ်တိ မလေ့လာခဲ့သူ…..
နဲနဲပဲသိပေမယ့်
အများကြီးသိချင်ယောင်ဆောင်ခဲ့သူ…
အမေနဲ့အတူနေခဲ့ရပေမယ့်
အမေ့တန်ဖိုးကိုသိပ်မသိခဲ့သူ….
လုပ်လိုက်တဲ့ အလုပ်တွေကလဲ
ပိုက်ဆံမရပေမယ့် အိပ်ထဲက ပိုက်ဆံတောင်စိုက်ပြီး လုပ်ပေးတက်သူ…
(ဒါတောင် အကောင်းအပြောမခံခဲ့ရဘူး..
တစ်ချို့ကတော့ကျေးဇူးတင်ကြတယ်..
သူငယ်ချင်းတစ်ယောက်ပြောသလိုပေါ့
ငါ့မှာတော့ပိုက်ဆံတစ်ပြားမှမရှိဘူး
လိုချင်ရင်တော့ အိမ်မှာ ကျေးဇူးတွေတောင်းနဲ့အပြည့်ပဲ..)
ဒါတွေစလုပ်ထဲက ကိုယ်ကဘာမှလိုချင်တဲ့စိတ်နဲ့လုပ်ခဲ့တာမှမဟုတ်တာ …..
ဒါတွေဟာ သိပ်တော့မကြာလိုက်သလိုပါပဲ..

ပြည်သစ်တည်ရဲ့ ဘ၀နောက်တစ်ပိုင်းကတော့…
အလုပ်တွေသိပ်များတဲ့သူ
(မများလည်းများချင်ယောင်ဆောင်နေတဲ့သူ..)
သူငယ်ချင်းတွေတစ်ယောက်မှမရှိတဲ့သူ ….
(တစ်ခါတစ်လေ gtalk ပြောတာနဲ့ ဖုန်းဆက်တာကလွဲရင်)
ပရဟိတဆိုတာ ဘာမှန်းမသိတဲ့သူ
ပိုက်ဆံသိပ်မရပေမယ့်
တစ်ချိန်လုံးငွေနောက်ပဲလိုက်နေသူ..
အလုပ်သိပ်များတဲ့ကြားထဲကပဲ
Part time အလုပ်တစ်ခုကို ကြိုကြား ကြိုကြား လုပ်လိုက်သေးသူ…
အမေနဲ့ရည်းစားကိုလွမ်းပေမယ့်
အကန့်အသတ်နဲ့သုံးရတဲ့ ပိုက်ဆံကြောင့်
တစ်လကို တစ်ကြိမ်ထက်ပိုပြီးဖုန်းမခေါ်တဲ့သူ….
အကိုအရင်းတစ်ယောက်လုံးရှိပေမယ့်
တစ်လနေလို့မှ တစ်ခေါက်မသွားသူ….

ဒီလောက်ဆိုတော်လောက်ပါပြီ..
ဆက်ရေးရင် အကုန်ပေါ်တော့မယ့် :D
မပေါ်တစ်ပေါ်ပဲကောင်းပါတယ်..
ဒါကမှ အရသာရှိတာလေ..
အရမ်းပေါ်ရင်လဲ မကောင်းသလို
မပေါ်ရင်လဲ မကောင်းပြန်ဘူး.. :P

Thursday, October 8, 2009

ရောက်တက်ရာရာများ.......

အခုတစ်လော ပြည်သစ်တည် blog အသစ်မရေးနိုင်ပါ…
အလုပ်တွေက အရင်ကထက်ပိုများလာပါတယ်…
ခိုင်းလို့ကောင်းတဲ့နွားဟာ ပိုပြီးလယ်ထွန်ရတယ်ဆိုတာ
အခုတော့ တကယ်လက်တွေ့လိုဖြစ်နေပါပြီ…

ပြီးခဲ့တဲ့လက မလေး graphic designer တစ်ယောက်အလုပ်ထွက်သွားပါတယ်…
သူ့အလုပ်တွေ ပြည်သစ်ဆီ ရောက်လာပါတယ်…

ဒီလ တရုတ်လေးတစ်ယောက်အလုပ်ထပ်ထွက်သွားတယ်…
မလေးထွက်သွားတာ သိပ်မစိုးရိမ်ရပေမယ့်
အခုတရုတ်ထွက်သွားတာ ပြည်သစ်တည်ကိုအတော်အလုပ်ရှုပ်စေပါတယ်..
သူ project leader လုပ်နေတဲ့ site ကို ပြန်ရှင်းမသွားဘူး..
သူထွက်သွားရင် ပြည်သစ်ဆီ ရောက်လာမယ် ဆိုတာ
ပြည်သစ်တည်သိနေတယ်..
အကုန်အစကနေပြန်ဖတ်ရတယ်..
လောလော ဆယ် ပြည်သစ်တည် in chat လုပ်နေတဲ့ site က စုစုပေါင်း
၅ ခုတောင်ရှိနေပြီ
ဘယ်လိုမှ မဟန်နိုင်ဘူး..
မနက်ကျရင် mail box ထဲကိုရောက်နေတဲ့ mail တွေက
ပိုက်ဆံတွေသာဆိုရင် …………
စဉ်းစားကြည့်တာပါ..

နှစ်ယောက်စာအလုပ်ကို တစ်ယောက်ထဲလုပ်နိုင်ပေမယ့်
သုံးယောက်စာကိုတော့လုပ်နိုင်ဖို့ အတော်ကြိုးစားရပါတယ်..
တစ်ရက်ကို ၂၄ နာရီ သတ်မှတ်ပေးခဲ့တဲ့သူကို နဲနဲ ကျေးဇူးတင်ချင်ပါတယ်..
Urgent ဆိုတဲ့စကားတွေရဲ့နောက်မှာ ၂၄ နာရီ ဟာကပ်ပါလာတက်ပါတယ်..
တစ်ခါတစ်လေ ည ၁၀ လောက်မှ သူဌေး က ကားနဲ့လာခေါ်ပြီး
ရုံးပြန်တက်ရတဲ့ ညတွေနဲနဲများလာတဲ့အခါ
ကိုယ့်ကိုကိုယ်ပြန်ကြည့်မိပါတယ်…
လူရောဟုတ်သေးရဲ့လား…
စက်ရုပ်များဖြစ်နေပြီလား..

တကယ်တော့လူကအလုက်ကိုထုဆစ်တာလား…
အလုပ်ကလူကိုထုဆစ်တာလား…
လူကသူလုပ်တဲ့အလုပ်ထဲမှာ အကျဉ်းသားအဖြစ်ပြန်ကျတာလား…
………………….
……………………
………………………………….

ပေးထားတဲ့တာဝန်တွေ
ပေးထားတဲ့ရာထူးတွေက
သိပ်ကိုခေါ်လို့ကောင်းတဲ့ အရာတွေ
ကျေနပ်စရာကောင်းတဲ့ အခေါ်အဝေါ်တွေ ဖြစ်ပေမယ့်
လခကတော့ အဲ့အရာတွေနဲ့ ပြောင်းပြန်အချိုးကျနေပါတယ်..

သူဌေးကို အဲ့ ကိစတွေဆွေးနွေးချင်ပေမယ့်
ကိုယ့်အလုပ်ကို ကိုယ် ဂရုစိုက်နေရတာနဲ့တင်
သူဌေးဘယ်အချိန်လာလို့
ဘယ်အချိန်ပြန်သွားတယ်ဆိုတာတောင် မသိလိုက်ဘူး…

တစ်ရက်တစ်ရက်ဟာ အကုန်မြန်လိုက်တာ
ခါတိုင်းအလုပ်က ပြန်ရင် အိမ်မှာထမင်းစားပြီး အနားယူလိုက်ရင်
နောက်တစ်နေ့အတွက် အင်အားသစ်တွေ ပြန်လည်ရလာပေမယ့်
အခုတစ်လော အိမ်ပြန်ရမှာ ကြောက်လာသလို
နောက်တစ်နေ့မိုးလင်းမှာ ကိုလည်းစိုးရိမ်လာမိတယ်…

တစ်ပတ်မှာ တနင်္ဂနွေတစ်ရက်ပဲ နားရတာကို အလုပ်ကမနာလိုဖြစ်နေတယ်..
အခု အလုပ်က တနင်္ဂနွေနေ့ကိုပါ ကျူးကျော်စော်ကားလာပြီး
အပျိုရည်ဖျက်ဖို့ကြိုးစားနေပြီ………

ဒီကြားထဲ အမေ့ကိုသတိရမိတယ်…
သီတင်းကျွတ်လပြည့်နေ့က အမေ့ကိုဖုန်းထဲကနေ
လှမ်းကန်တော့ပြီး အလုပ်အကြောင်းတွေပြောပြနေမိတယ်..
ခါတိုင်းအလုပ်အကြောင်းမပြောတဲ့ သားတစ်ယောက်က
အခုအလုပ်အကြောင်းတွေပဲ ပြောနေတာ အမေ့အတွက်တော့
ထူးဆန်းနေမှာ အမှန်ပဲ…

လောလောဆယ်ဖြစ်နေတာ အိမ်ပြန်ချင်တယ်..
ဖြစ်ချင်တာကိုပြောတာပါ…
ဖြစ်ချင်တာထက် ဖြစ်သင့်တာကို ဦးစားပေးရမယ်မလား…
…………………………………………
………………………
…………..
………………………………….
……………………
………………………………………………………။

Tuesday, October 6, 2009

တစ်ချိန်တုန်းက....



လွန်ခဲ့တဲ့ နှစ်ကပေါ့..
ပြည်သစ်တည်ရယ်.. မောင်ဆက်ရယ်.... ကိုဇက်ရယ်...
တစ်ညနေမှာ ရိုက်ထားတဲ့ပုံလေးပါ...
အခုတော့ အမှတ်တရပေါ့....

သတိရစွာဖြင့်..
ပြည်သစ်တည်