Monday, October 19, 2009

ငါးမူးတန်လူ……

လွန်ခဲ့တဲ့၉လလောက်တုန်းက ဒီစာစုတိုကိုဖတ်ဖြစ်ခဲ့ပါတယ်..
ဖတ်ပြီးပြီးချင်းတော်တော်လေးရင်ထဲမှာကျန်ခဲ့တယ်..
အားလုံးခံစားနိုင်အောင်လို့ မရှိတဲ့အချိန်တွေကိုစုပြီး
တစ်နေ့ကိုနည်းနည်းချင်းစီ ကူးကာ...
ပြည်သစ်တည်ရဲ့ blog မှာပြန်တင်လိုက်ပါတယ်..

အမေကိုချစ်တဲ့သားတွေနဲ့
သားတွေကိုချစ်တဲ့ အမေတွေ အားလုံးကို ရည်ရွယ်ပါတယ်…
……………………………………………………………………………………ပြည်သစ်တည်



ငါးမူးတန်လူ
မင်းတင်ထွဏ်း

၂၀၀၈ ဒီဇင်ဘာလ ရွှေအမြူတေ


‘ လှမောင် အလကားကောင် ‘ ဆိုရင်
လှမောင်မခံချင်ဘူး…
‘ ဟေ့ လှမောင်အလကားကောင် မဟုတ်ဘူးကွ
ငါ့မှာ အိမ်ရှိတယ် ၀င်းရှိတယ်..
အမေရှိတယ် ‘ လို့ပြန်ပြောလေ့ရှိတယ်..
သူ့အမေ ဒေါ်ထိန်ကလည်း သူ့သား လှမောင်ကို
အလကားကောင်၊ အရက်သမားလို့ပြောရင် မကြိုက်ဘူး..
‘ ဟေ့ လှမောင်က နေတက်ရေတက် စနေနေ့မှာ မွေးတဲ့ကောင်ဟဲ့..
အချင်းစလွယ်သိုင်းနဲ့ သိုက်ဖွားဟဲ့၊ ပညာတက် လူချော
အရက်သောက်တာကလွဲပြီး ဖဲမရိုက်ဘူး၊
ကြက်မတိုက်ဘူး.. မိန်းမ မလိုက်စားဘူး..
သူများလိုတစ်ကျပ်မတန်ရင်တောင် ငါးမူးတော့ တန်တယ်ဟဲ့ ‘
လို့ ရန်တွေ့တက်တယ်..

ဒေါ်ထိန်က မုဆိုးမ။ ယေကျာင်္းဆုံးတော့
ကလေး ၃ယောက်ကအရွယ် မရောက်သေးဘူး..
အကြီးဆုံးကောင်က လှဆောင်.. အလတ်က လှမောင်
အငယ်ဆုံးသမီးက လှသီ..
ယေကျာင်္း နှစ်ယောက်၊ မိန်းကလေးတစ်ယောက်
နောက်အိမ်ထောင်မပြုပဲ
ကလေးတွေကို ဈေးရောင်းကျွေးလာတယ်..
အရွယ်ရောက်တော့ ကိုလှဆောင်က လက်သမားလုပ်တယ်..
ပန်းရောင်းတဲ့ကောင်မလေးနဲ့အိမ်ထောင်ကျတယ်..
အစကတော့ ကောင်မလေးအိမ်လိုက်နေသေးတယ်…
၁ လမကြာဘူး. အမေ့အိမ်ရောက်လာကြတယ်..
ကောင်မလေးမိဘတွေက သားသမီးများတဲ့အပြင် ငှားနေတဲ့အိမ်ကလည်း
ခန်းယောင် ၁ ခန်းကျယ်အိမ်ကလေးကိုး…
အငယ်မ လှသီကလည်းပန်းရံလိုက်ရင်း … ပန်းရံဆရာနဲ့ညားတာပါပဲ..
ကောင်လေးက ဒေါ်ထိန်အိမ်ပဲလိုက်နေတယ်…
အိမ်ကမကျယ်ပေမယ့် ၀န်းက အလျား ၆၀ ပေ၊ အနံ ၄၀ ပေ ရှိတယ်..
ဒီတော့ အဖီချနေကြတာပေါ့….

လှမောင်က လူပျို. ဆယ်တန်းအောင်တော့ တကသိုလ်ဆက်ထားတယ်..
လှမောင်က ငယ်ငယ်ကတည်းက စာလည်းကြိုးစားတယ်..
အေးလည်းအေးတယ်.. အိမ်ထဲက အိမ်ပြင် သိပ်ထွက်တာမဟုတ်ဘူး..
အပေါင်းအသင်းလည်းတစ်ယောက်စ နှစ်ယောက်စသာပေါင်းတာ..
ဘယ်ဗေဒင်မေးမေး နတ်ကတော်ဟောဟော ဇမူတလူမှာ အာဂယေကျာင်္းဖြစ်မယ့်သူ …
လို့ဟောကြတော့ ဒေါ်ထိန်စိတ်ထဲမှာ လှမောင်ကြီးလာရင် အရာရှိကြီပဲဖြစ်မလား..
သူဌေးကြီးပဲဖြစ်မလား… တစ်ခုခုတော့ဖြစ်မှာပဲလို့ယုံနေတာပေါ့…
ဒီတော့ ဆင်းရဲတာအပထား.. လှမောင်ကိုနေ့တကသိုလ်မှာ ထားတယ်..
လှမောင်ကလည်း ကျောင်းမှန်မှန်တက် စာကြိုးစားပါတယ်.
အဲ နောက်ဆုံးနှစ်ရောက်တော့ လှမောင်တစ်ယောက်ရည်းစားပစ်သွားလို့ဆိုပြီး
အသည်းစကွဲတော့တာပဲ…
နီးစပ်ရာထန်းတောမှာ ထန်းရည်နဲ့ကုရင်း စာမေးပွဲကျတော့တာပဲ..
တကသိုလ်ကိုအပြင်ကဖြေတုန်း ရည်းစားက ပြစ်သွားယုံတင်မကဘူး..
လင်ယူသွားပြီး တစ်ခါတည်းကစတုံးလုပ်လိုက်တော့ ကွဲနေတဲ့အသည်း ဖြန်းကနဲ
ကြေမွသွားတော့တာပေါ့.. ဘယ်အရက်နဲ့စိမ်စိမ် ပြန်မကောင်းတော့ပါဘူး. ခုထိဆိုပါတော့..

လှမောင်က အရက်မမူးရင်သာအေးတာ.. အရက်မူးလာရင်သိပ်ကျီကျတဲ့ကောင်..
သူများတွေအပေါ်တော့မဟုတ်ပါဘူး.. သူ့အမေအပေါ်မှာပါ.. ဒေါ်ထိန်က လည်း လှမောင်
ဘယ်လောက်ကျီကျကျ..
‘ အေးပါ အေးပါ .. မင်းပြောတာမှန်ပါတယ်..’
‘ အမေသိပါတယ်.. ‘ နဲ့ လှမောင်ကိုချော့နေကျပါ.. သိပ်နေကျ.
တစ်ခါတော့ လှမောင် ထမင်းစားရင်..
‘ တစ်ခါလာလည်း ပဲပြုတ် .. တစ်ခါလာလည်း ကြက်ဥကြော်.. သွားကွာ
အစားချင်ဘူး ‘ ဆိုပြီး ပန်းကန်လွင့်ပစ်လိုက်ရော …
ဒေါ်ထိန်ကတော့ ပျာပျာသလဲနဲ့ …
‘ သားလေး ဘာစားချင်လဲ ဆိတ်သားလား.. ကြက်သားလား ..ကဲပါ အမေ နှစ်ခုလုံး
ဝယ်ခဲ့ပါမယ့် ‘ ဆိုပြီး ဟင်းရောင်းတဲ့လမ်းဖက်ဆီ အပြေးတစ်ပိုင်းနဲ့ ထွက်သွားတာပေါ..
အမေမရှိတော့ လှဆောင်က ‘ ဟေ့ကောင် လှမောင် အမေစိတ်ဆင်းရဲမှာစိုးလို့
ငါမပြောပဲနေတာ ကမ်းမတက်နဲ့ ‘ လို့ ငေါက်လိုက်တယ်..
‘ ကျုပ်က ဘာကမ်းတက်လို့လဲဗျ ‘
‘ အောင်မာ မင်းက ငါ့ကိုပြန်ပြောတယ်ပေါ့.. ‘
နဂိုကမှ စိတ်ချဉ်ချဉ်ရှိနေတာမို့ ကိုလှဆောင်ဟာ လှမောင်ကို ထကန်တယ်..
အမူးသမားဆိုတော့ ထိုင်နေရာကနေခွေခွေလေးလဲသွားတာပေါ့…
‘ မှတ်ထား နောက်တစ်ခါ အမေ့ကို ဂျီကျရင် အသေပဲ..’
လှသီကလည်း လှမောင်ကို အမြင်ကတ်နေတာမို့ ၀င်မဆွဲဘူး.. ပြောလည်းမပြောဘူး
ကိုလှဆောင်မိန်းမကတော့ ‘ ကိုလှဆောင်ရယ်တော်ပါတော့ ‘ ဆိုပြီး ၀င်ဆွဲတယ်..
မယားဆွဲလို့ ဒေါသပိုကြွသွားသလားမသိဘူး..လဲနေတဲ့ လှမောင်ကို ထပ်ကန်ဖို့
ခြေထောက်နဲ့ရွယ်လိုက်တယ်…
‘ ဟဲ့ ဟဲ့ ဘာလုပ်တာတုံး .. ‘
ဒေါ်ထိန်အိမ်ထဲအပြေး ၀င်လာတယ်…
လှသီကအမေမြန်လှချည်းလားလို့တွေးလိုက်တယ်..
ဒေါ်ထိန်က ပိုက်ဆံ မေ့လို့ ပြန်လာယူတာ.. ဒေါ်ထိန်ကလှမောင်ကိုပြေးပွေ့တယ်.
‘ ဟီး ဟီး ‘ လှမောင် က ကလေးတစ်ယောက် လိုအမေ့ရင်ခွင်အပ်ငိုတယ်..
‘ တိတ်တိတ် ငါ့သားကို ဘယ်သူမှမနိုင်ရဘူး အမေရှိတယ်.. ‘
ဒေါ်ထိန်က ကလေးတစ်ယောက်လို ခေါင်းကလေး ပွတ်ပြီး ချော့တယ်..
လှမောင်တို့ သားအမိအဖြစ်ကိုကြည့်ပြီး ကိုလှဆောင်က သက်ပြင်းချ.. လှသီက မျက်စောင်းခဲပေါ့…
ဒေါ်ထိန်က လှဆောင်ကိုမော့ကြည့်ပြီး .. ‘ ဟဲ့ လှဆောင် ငါတောင်မသေသေးဘူး..
ကိုယ့်ညီကို ဒီလောက်နိုင်ချင်ပြီလား.. သတ်ချင်နေပြီလား.. ကိုယ့်ညီစိတ်မချမ်းသာ
ဖြစ်နေလို့ သူ့ဟာသူ သက်သာသလိုနေတာကို ချော့မယ်မကြံဘူး..ပတ်ဝန်းကျင်
ဝမ်းသာအောင် နင်က လုပ်ပြီပေါ့ ဟုတ်လား.. ငလှဆောင် နင်တို့နဲ့ ငါတို့သားအမိနဲ့
တစ်အိမ်တည်း နေလို့မဖြစ်ဘူး… ‘ ဆိုပြီး ၀င်း ကိုသုံးပိုင်းပိုင်း အလယ်ရှိတဲ့အပိုင်း
ကို လှမောင် .. အရှေ့ပိုင်း ကို ကိုလှဆောင် … အနောက်ပိုင်းကို လှသီဆိုပြီး ..
ရပ်ကွက် ရုံးမှာ အမွေစာချုပ် အဖြစ်ခွဲပေးတယ်..

နောက်ပြီး လူကြီးတွေရှေ့မှာတင်ဒေါ်ထိန်က လှဆောင်နဲ့ လှသီကို
‘ နင်တို့နှစ်ယောက် ငါ့တို့သားအမိကြားကို ဘယ်တော့မှဝင်မပါနဲ့ နောက်တစ်ခါဆို
သေခန်းပြတ်ပဲ..’
လို့ကြိမ်းပြော ပြောလိုက်တယ်…
ဒီကတည်းက ကိုလှဆောင် က လှမောင်မူးလာပြီး သူ့အမေကို ဂျီကျရင် တစ်အိမ်
အိမ်ဘက် ထွက်သွားပြီး …
‘ အလကားကောင်.. အမေ့လုပ်စာထိုင်စားပြီး အမေ့ကိုဂျီကျနေတဲ့ကောင် ‘
လို့တစ်ဖြစ်တောက်တောက် ပြောရှာတယ်..
လှသီကလည်း နားမခံသာတဲ့နေ့ဆိုရင် တစ်ခြားရှောင်ထွက်သွားပြီး..
‘ ကိုလှမောင်က အမေရှိနေလို့သာ မရှိရင် အလုပ်မရှိအကိုင်မရှိနဲ့ ငတ်သေမှာ ‘
လို့ရင့်ရင့်သီးသီးပြောတက်တယ်…
အမေကို ဂျီကျနေတာကိုး…

သူတို့လိုပဲ ရပ်ကွက်ထဲကလည်း အလုပ်မရှိပဲမူးနေတဲ့လှမောင်ကို
‘ အလကားကောင် အမေရှိနေလို့သာ အသက်ရှင်နေတာ
အမေသာမရှိရင် ငတ်သေမယ့်ကောင်
တောင်းစားမယ့်ကောင် .. ခိုးစားမယ့်ကောင်လို့ ‘ အတင်းပြောကြတယ်.
အထင်သေးစရာကိုး….

ရုတ်တရက် ဒေါ်ထိန်ဆုံးသွားတယ်…
လှသီမှာ ငိုလိုက်တာ တစ်ခါတစ်လေ တက်တောင်သွားသေး
‘ အမေရဲ့ ကျွန်မတို့ကို ပစ်သွားပြီလား.. ကျွန်မတို့ဘယ်သူနဲ့ နေရမှာလဲ..’
ဘာညာပေါ့… လူစည်လေ ပိုငိုလေပေါ့..
ကိုလှဆောင်ကလည်း ဧည့်ခံသာစကားပြောနေရတယ်.. အသံက တိုးလျလျ..
မျက်လုံးအိမ်မှာ မျက်ရည်စတွေပြည့်လို့..
လှမောင်ကတော့ အရက်တွေမူးအောင်သောက် ပြီး အလောင်းဘေးမှာ ငူငူကြီးထိုင်နေတာပဲ
လှသီငိုရင် ‘ တော် နားငြီးတယ် ‘ လို့အာလေးသံကြီးနဲ့လှမ်းငေါက်တယ်..
‘ အမလေး အမေရဲ့ အမေ့အချစ်ဆုံးသားက အမေသေလို့ငိုတာတောင် အငိုရဘူးတဲ့တော့ ‘
ဆိုပြီးပိုငိုတာပေါ့..
‘ ဟေ့ကောင် ငမူး အလကားကောင် အသာနေ.. ငါထလုပ်မိလိမ့်မယ်.. ‘
ကိုလှဆောင်က လှမ်းကြိမ်းရတယ်..
ငို ငို ဆိုပြီး လှမောင်ကအရက်ဆိုင်ဆီထထွက်ခဲ့တယ်..

အမေဆုံးပြီးတော့လည်း လှမောင် ကအရက်သောက်တုန်း.. မူးတုန်း…
တစ်ယောက်တည်း အမေ့ကို ဂျီကျသလိုကျတုန်း..
မနက်အစောကြီးကတည်းကပျောက်သွားတယ်..
နေ၀င်ချိန်မှ အရက်ဆိုင်ရောက် လာတယ်.. အရက်သောက်တယ်..
နောက်ထမင်းနဲ့ ဟင်းကိုကျွတ်ကျွတ်အိတ်နဲ့ ၀ယ်လာပြီး အိမ်ပြန်လာတယ်..
ထမင်းစားတယ်..နောက်အမေ့ကို ဂျီကျသလိုကျပြီး အိပ်ပျော်သွားတယ်..
ဒီတော့အရက်သမားတစ်ယောက် အလုပ်မရှိပဲ နေ့တိုင်းအရက်သောက်နိုင်တယ်..
ထမင်းစားနိုင်တယ်ဆိုတော့ မဟုတ်မှလွဲရော အကြံအဖန်ရှိပြီ..
မြို့ထဲသွားခိုးတာလား.. လစ်တာလား…ခါးပိုက်နှိုက်တာလားပေါ့….

ကိုလှဆောင်နဲ့မလှသီကတော့ သွေးရင်းဆိုတော့
‘ အိမ်နဲ့ဝင်းများပေါင်ပြီး သောက်စားနေတာလား.. ‘ လို့တွေးကြတာပေါ့..
ကိုလှဆောင်က အမေ့သေတာကိုဖွင့်ကြည့် တော့လည်း စာချုပ်ခေါင်လေးက ရှိတယ်..
သူသိမ်းထားလိုက်တယ်…
‘ ဟေ့ကောင် .. မင်းမဟုတ်တာတွေ မလုပ်နဲ့နော်.. ငါတို့နာမည်ပျက်အောင် လုပ်ရင်
သေသွားမယ်.. ‘
ကိုလှဆောင်က မူးနေတဲ့ လှမောင်ကိုနားပန်သုံးလေးချက်တီးပြီး ပြောတယ်..
‘ ဒီမှာ အစ်ကို .. ငါက မင်းလိုတစ်ကျပ်မတန်ပေမယ့်.. အမေပြောသလိုငါးမူးတော့
တန်ပါတယ်ကွ ’ လို့ပြောပြီး ယိုင်ထိုးယိုင်ထိုးနဲ့ရှောင်ထွက်သွားတယ်..

ရပ်ကွက်ထဲမှာတော့ ပစည်းပျောက်ရင် လှမောင် ကိုထင်ချင်ကြတယ်..
အခိုးခံရရင် ထမီစုတ်ဖြစ်ပါစေ .. ‘ မဟုတ်မှလွဲရော ဒါ လှမောင် လက်ချက်ပဲ ‘ လို့
ပြောလာကြပြီ..
တစ်ရက်တော့ အလုပ်ပျက်ခံပြီး .. ကိုလှဆောင်တစ်ယောက် လှမောင်နောက်
ခြေရာခံလိုက်တယ်..
လှမောင်ကတော့ ခါတိုင်းလိုပဲ အိပ်ရာထ.. မျက်နှာသစ်ပြီး ပုဆိုးတစ်ထည်ကို ပခုံးပေါ်တင်ပြီး
ခေါင်းငိုက်စိုက်နဲ့ထွက်ခဲ့တယ်… ခါးမှာလည်း ဓါးမတိုလေးထိုးလို့..
ဝင်းကျယ်တွေဘက်လျှောက်သွားတယ်.. မြေစာမြက်ကလေးတွေကိုလိုက်ရှာပြီး.နုတ်တယ်..
နောက်သီးပင်ပေါ်တက်တယ်.. သီညွန့်တွေခူးတယ်.. ကိုလှဆောင်က ခပ်လှမ်းလှမ်းက
နားမလည်စွာကြည့်နေတယ်…
ခြံတွေနားမှာ ပေါက်နေတဲ့ ၀ါးပင်က အညွန့်တွေခူးတယ်.. ဒန်းပင်က အညွန့်တွေ
ခူးတယ်… ရသမျှပစည်းတွေကို ပုဆိုးနဲ့ထုပ်တယ်.. ရေနီမြောင်းထဲယူလာပြီူး စင်ကြယ်အောင်
ရေအထပ်ထပ်ဆေးတယ်….
နောက်ပုဆိုးနဲ့ ထုပ်ပြီး ထမ်းထွက်ခဲ့တယ်.. ဘာလုပ်ဖို့လဲပေါ့…
ဘယ်သွားမှာလဲပေါ့… ကိုလှဆောင်စိတ်ထဲက သိချင်နေပြီ…
ဒါကြောင့် အနောက်က အသာလိုက်ခဲ့တယ်…
သွားရင်း သွားရင်းနဲ့ အောင်တော်မူဘုရားရောက်သွားတယ်..
ပန်းရောင်းတဲ့ဆိုင်ထဲဝင်သွားတယ်..ပန်းဆိုင်ဆိုပေမယ့် ယတြာချေတဲ့ ပစည်းတွေလည်း
ရောင်းတာကိုး.. ဒီတော့မှ ကိုလှဆောင်သဘောပေါက်သွားတယ်..
ဆိုင်ရှင်က ပစည်းတွေယူပြီး ငွေထုတ်ပေးတယ်…

ဒီလိုဆိုတော့လည်း ငါ့ညီက ဘယ်ဆိုးလို့လဲ လို့တွေးလိုက်မိတယ်..
လှမောင်ဘုရားထဲဝင်သွားတယ်.. ကိုလှဆောင်အနောက် ကလိုက်သွားတယ်..
အလှူခံပုံးထဲငွေ ၅၀ ထည့်တာ မြင်လိုက်တယ်..
နောက်ဘုရားရှေ့သွားပြီး ဦးသုံးကြိမ်ချရှိခိုးတယ်.. လူကရှင်းနေတယ်..
‘ ကျုပ်ပြုသမျှကုသိုလ်အမေ့အတွက်ပါ.. အမေရေ အမျှ အမျှ အမျှ သာဓု သာဓု သာဓု ‘
ဆိုပြီး အော်ဆိုတယ်… နောက်ဘုရားထဲက အမေအို ၃ ယောက်ကိုလည်း ၅ ကျပ်
၁၀ လှူခဲ့သေးတယ်..
ကိုလှဆောင် စိတ်ထဲ ၀မ်းနည်းသွားတယ်.. အမေ့အတွက် ရည်စူးပြီး အလှူဖူးသေးဘူး..
လှသီရော … လှမောင်ကတော့ စိတ်လက်ပေါ့ပါးစွာနဲ့ ၂၆ လမ်းဘက်ထွက်ခဲ့တယ်..
လမ်းမှာတွေ့တဲ့အရက်ဆိုင်မှာ အရက်ဝင်သောက်တယ်..
ပြန်ထွက်လာတယ်.. ကျုံးထောင့်ဘက်ဆီ ဦးတည်သွားတယ်…
လှမောင်ဘာလုပ်မှာလဲ.. ကိုလှဆောင်မတွေးတက်… မြို့ထဲသွားမှာလား..
မဟုတ်ဘူး.. ကျုံးထောင့်မှာ ရပ်နေပြီး မကြာပါဘူး..ကြာနီကန်သွားမယ့် နာရေးကားတွေ
ကျုံးထောင့်ကို ဖြတ်လာကြပြီ…

ဒီတော့ လှမောင်က နာရေးလိုက်ပို့တဲ့ ကားတစ်စီးပေါ်ပြေးတက်သွားတယ်…
ကိုလှဆောင်ပါးစပ်အဟောင်းသားဖြစ်ကျန်ခဲ့တယ်..
လှမောင်က အမေ့ကိုသင်္ဂြိဟ်ခဲ့တဲ့ ကြာနီကန်ဆီ နေ့တိုင်းသွားတာ..
သူလှူခဲ့တဲ့ အမျှ အမေ့ကို အမျှသွားဝေတာနေမှာ ..
ညနေစောင်းမှ ပြန်လာတော့မှာ…

ကိုလှဆောင်ခမျာ ငူငူကြီး ရပ်နေပြီး ‘ အမေရေ လှမောင်က ငါးမူးတန်လား..
ကျွန်တော်နဲ့ လှသီက ငါးမူးတန်လား ရှင်းရှင်းလင်းလင်း ပြောခဲ့ပါဗျာ… ‘ လို့
တမ်းတမ်းတတ ပြောရှာတယ်…. ။ ။

3 comments:

minn minn said...

i like this
thanks for ur novel

Myat Thit said...

now i visit first time in your blog.
minn minn told me about your blog.
some post is good but some post is
not good.
please try.
by the way,
ko nhoung working at Singapore now.
if you connect with him
please told him that
we miss him. :)

thanks.
Myat Thit

မောင်ဆက် said...

ဘာနေနေ ငါးမူးလေးတော့ တန်ချင်ပါသေးတယ် ကျေးဇူးပါ ကိုပြည်သစ်